လှောင်အိမ်ထဲက အဖြူရောင်
ငှက်ကလေး တစ်ကောင်ရဲ့
အရှင်သခင်ဖြစ်ခဲ့တယ်။
အချစ်တစ်ခု မှာ
မေတ္တာ အကြင်နာ ငတ်မွတ်မှုတွေများလာရင်
အမှောင်တွေဖုံးသွားတတ်တာပေါ့။
မာယာများတဲ့ အခြားတစ်ယောက်ဆီ
ငှက်ကလေးထွက်ပြေးချင်တာ
ကျွန်တော် မကောင်းလို့ပေါ့။
မပြေလည်မှုဆိုတဲ့
လေစိမ်းတိုက်ခတ်မှု နဲ့အတူ
ငှက်ကလေးကို စွန့်ပစ်ချင်ခဲ့တာပေါ့။
မာယာတွေအကြောင်းမသိတဲ့
ငှက်ကလေးကို အပြစ်မတင်ရက်ပေမဲ့
အရောင်တွေစွန်းထင်းခဲ့တယ်လေ။
သံယောဇဉ်ဆိုတာလဲ
အချစ်တစ်ခု အသက်ဆက်ဖို့
အောက်စီဂျင်လို မရှိမဖြစ်ပေါ့။
ထွက်ပြေးသွားမဲ့
ငှက်ကလေးရဲ့ အသံလေးကြားရုံနဲ့
နောင်တတွေရနေမိတယ်။
အနားမှာ မရှိတော့မှ
တစ်စုံတစ်ခုရဲ့ တန်ဖိုးဆိုတာ
ပိုမိုထင်ရှားလာခဲ့သလိုပေါ့။
ဒီလိုနဲ့ပဲ
နာကျင်စရာအတိတ်တွေကို
ငှက်ကလေးအတွက် ကုစားပေးရင်း
အချစ်သင်ခန်းစာတွေသင်ပေးခဲ့တယ်။
အချစ်ဆိုတာ
ခိုင်မြဲတဲ့ တွဲလက်တွေအတွက်
လေးနက်တဲ့ ကဗျာတစ်ပုဒ်ပေါ့။
ငှက်ကလေး ဟာ
ကျွန်တော်ရဲ့ မပြည့်စုံတဲ့ဘဝထဲမှာ
ပြီးပြည့်စုံတဲ့လက်ဆောင်ဖြစ်တယ်။
ထာဝရ ဆိုတာ အချိန်အကြာကြီးဖြစ်မှာပါ
ဒါပေမဲ့ ငှက်ကလေးနဲ့ အတူကုန်ဆုံးရတာဖြစ်လို့
ဘဝဆက်တိုင်း ထာဝရဆိုတာ ခဏလေးလိုပါပဲ။ ။

Comments
Post a Comment